ထွန်းတေဇာ
English

အပေါ်ထပ်ကို ရေးတဲ့စာ

Facebook, ၂၀၁၈–၂၀၂၁ ခန့်, 1 မိနစ်စာ

၂၀၁၈-၂၀၂၁ ဝန်းကျင်ခန့်က ရေးခဲ့ပြီး Facebook မှာ ပထမဆုံး တင်ခဲ့တာဖြစ်ကာ မှတ်တမ်းအနေနဲ့ ဒီမှာ သိမ်းထားတာပါ။ စာလုံးပေါင်းပြင်ပြီး စာစီစာရိုက်ပုံစံ ပြန်ပြင်ထားတယ်၊ စကားလုံးတစ်လုံးမှ ပြန်မရေးထားပါဘူး။ ထိုအချိန်ကတည်းက ကျွန်တော့်အမြင်တွေ ပြောင်းသွားတာလည်း ဖြစ်နိုင်သလို မပြောင်းတာလည်း ဖြစ်နိုင်ပါတယ်။

သို့
ကြီးတော်ကြီး

တပ်တွင်းကြီးတော်ကစာရေးထားခဲ့တယ်လို့ဆိုတဲ့အတွက်မနာလိုခြင်းများစွာနဲ့စာရေးလိုက်ပါတယ်။
ပထမဆုံးအနေနဲ့
အမကြီးရဲ့မင်္ဂလာဆောင်ကိုဂုဏ်ပြုပါတယ်။
မင်္ဂလာဆောင်ပြီဆိုတော့တသက်လုံးလူတကာဆီဗန်းပြပြီးရောင်းစားထားတဲ့အမ၊သုံးယောက်ထဲမှာလူရုပ်နဲနဲပေါက်တဲ့အမ..ယူတဲ့ယောက်ကျားကလူဖြစ်နေလို့ဂုဏ်ယူပါတယ်။

မမကြီးရေ…
လူတစ်ယောက်မွေးဖွားလာချိန်ကစပြီးကိုယ့်စိတ်ကူးနဲ့ရွေးချယ်ခွင့်ရတယ်ဆိုတာသိပ်ရှားတာပါပဲ..။
ကိုယ့်နံမည်
ကိုယ့်လူမျိုး
ကိုယ့်ဇာတိ
ကိုယ့်ဘာသာအစရှိတာတွေကို
ရော့..အင့်..ဆိုပြီး
တံဆိပ်အကပ်ခံလိုက်ရတာပါပဲ။
အခု၂၁ရာစုမှာတော့..
နံမည်များဘဝင်မကျလေသလား..
ဌာနေများစိတ်တော်ညိုလေသလား.
အိုကွယ်..
ဦးညွှတ်ရာကျောင်းတော်ကိုများရွှေ့ချင်လေသလား
စိတ်တော်ကျသဘောဖြူပြောင်းခွင့်ရှိနေပါပြီ။

ဒါပေသိ.
ကိုယ့်ဘဝတခုလုံးစာပြောင်းလဲခွင့်မရှိရွေးချယ်ခွင့်မရှိတာကတော့.“ကိုယ့်မိသားစု"ပါပဲအမကြီးရေ။
ဟင့်အင်း.
ဒီဟာကတော့ရွေးချယ်ခွင့်မရဘူး..
ရော့..
ဒါဟာ..မင့်အဖေ
ဒါဟာ..မင့်အမေ
ဒါဟာ..နင့်ညီမ
ဒါဟာ..နင့်မောင်
ကောင်းသည်ဖြစ်စေ..ဆိုးသည်ဖြစ်စေ
ဝသည်ဖြစ်စေ..ပိန်သည်ဖြစ်စေ
ပူသည်ဖြစ်စေ…အေးသည်ဖြစ်စေ
နှစ်လိုသည်ဖြစ်စေ..စက်ဆုပ်သည်ဖြစ်စေ
ကိုယ်ရလာတဲ့အတိုင်းပဲလက်ခံကြရတာပါ…။
အဖေကဘယ်သူလည်း..ရွေးခွင့်မရှိ
အမေပိန်ပိန်လေးရပါစေရွေးခွင့်မရှိ
ညီမဘယ်နှစ်ယောက်လိုချင်ပါတယ်လို့ဆုံးဖြတ်ခွင့်မရှိ
မောင်အလိမ္မာလေးရချင်ပါတယ်ဆိုလို့ဖြစ်နိုင်စရာတပြားမှမရှိ..
ဒါပေမယ့်…
“အိမ်ထောင်ဖက်"ဆိုတာကတော့ဘဝမှာ
တစ်ဦးတည်းသောကိုယ်ရွေးချယ်ပိုင်ခွင့်ရှိတဲ့မိသားစုပါပဲ..။
အင်း..
အခုကြင်ယာဖက်လင်ခင်ပွန်းအိမ်သားဘိုးတော်ကိုတော့စိတ်ရှိလက်ရှိရွေးချယ်ခွင့်ရှိခဲ့တယ်မဟုတ်လား။
အသက်ကဖြင့်၂၇..အခုလောက်ဆိုရင်တော့ခေါင်းခေါက်ရွေးလို့ဝပြီထင်ပါတယ်။
အကြမ်းအားဖြင့်..ကျန်တဲ့ဘဝတစ်လျှောက်လုံးကိုပေါ့လေ..
ဒီလူနဲ့….
မနက်အိပ်ယာနိုးချိန်ကနေညနေအိပ်ယာဝင်ချိန်အထိမြင်နေရမယ့်လူ..
မနက်စာစားချိန်ကနေညသွားတိုက်ချိန်အထိကုန်ဆုံးရမယ့်လူ.
ဒီမင်္ဂလာဆောင်ကနေပြီးတစ်ယောက်ယောက်အသုဘအခန်းအနားမတိုင်ခင်အထိအတူတူရှိနေ
ရမယ့်သူပေါ့လေ။

ဂရိပုံပြင်တစ်ပုဒ်ရှိတယ်တဲ့မမကြီးရေ..
အိုလံပီယာတောင်ကြီးကို"ရေအာနဲ့တိုင်တန်"တွေကြီးစိုးနေချိန်တုန်းက..
ခြေထောက်၄ချောင်း..လက်၄ဖက်..ခေါင်း၂လုံးနဲ့
သတ္တဝါတမျိုးရှိတယ်တဲ့..
“ဇု"တို့ညီအကို၃ယောက်ဟာ"တိုင်တန်"တွေကိုသုတ်သင်ပြီးအိုလံပီယာတောင်ကြီးကိုသိမ်းပိုက်လိုက်တဲ့အချိန်မှာ .ဒီသတ္တဝါတွေနောင်အနာဂါတ်မှာ
ချိန်းခြောက်လာမှာကိုစိတ်ပူမိသတဲ့..။
ဒါ့ကြောင့်..ဇုနတ်မင်းကြီးအကောင်တစ်ကောင်ကို
နှစ်ကောင်စီခွဲထုတ်လိုက်ရာကနေလူတွေဖြစ်လာပြီး လူတွေဟာဘဝတစ်လျှောက်လုံးသူတို့ရဲ့ကွဲနေတဲ့အခြမ်းကိုလိုက်ရှာကြပါသတဲ့…..။
တချို့တွေကလည်းခေါက်ချိုးညီကြတယ်..
ကိုယ်ကဒါကိုကြိုက်သလို..သူကလည်းဒါကိုသဘောကျ။သူကလည်းဒါကိုမြတ်နိုးသလို..ကိုယ်ကလည်းဒါကိုတန်ဖိုးထား။
တချို့တွေကတော့လည်းဂျစ်ဆောလေးတွေလိုပါပဲ။
သူလိုအပ်တာကိုကိုယ်ကဖြည့်ဆည်း…
ကိုယ်ချို့ယွင်းတာကိုသူကနားလည်…..
အဖြေမှန်ဆိုတာမရှိတဲ့ဒီဆက်ဆံရေးမှာ..ဘိုးတော်နဲ့ကြီးတော်တို့တစ်ယောက်နဲ့တစ်ယောက်ရူမဝဖြစ်နိုင်ကြပါစေ။

ဒါပေသိ..မကြီးရေ
လူဆိုတာစက္ကူလည်းမဟုတ်ကတ်ထူပြားတွေလည်းမဟုတ်ပြန်တော့တစ်ယောက်နဲ့တစ်ယောက်ဟာတိုင်းချုပ်ထားတဲ့အင်္ကျီတွေလိုမဖြစ်နိုင်ပြန်ဘူး..။
တခါတလေမှာတော့သူ့အပြစ်တွေကိုကိုယ်ကစိတ်ပျက်..ကိုယ့်လိုအပ်ချက်တွေကိုသူကစိတ်နာ
ချစ်ရေးခင်ရေးနှာစေးတတ်ကြတယ်။
နှာစေး..နှာစေးအထင်မသေးကြပါနဲ့..
ကိုယ်ကကြိုးစားရမှာဖြစ်သလို၊ကိုယ်ကနားလည်ရမှာဖြစ်တယ်။
ကိုယ်ကနှစ်သိမ့်ပေးရမှာဖြစ်သလို၊ကိုယ်ကထောက်ပြပေးရမှာဖြစ်တယ်။
ကိုယ်ကချီးကျုးပေးရမှာဖြစ်သလို၊ကိုယ်ကဆုံးမပေးရမှာဖြစ်တယ်။
ကိုယ့်ချစ်သူကိုယ့်လင်သားကိုသခင်လိုသဘောထားရမယ့်ခေတ်မဟုတ်တော့ပေမယ့်..
ကိုယ်ကသူ့ရဲ့ဆရာကောင်းဖြစ်ပါစေ
ကိုယ်ကသူ့ရဲ့သူငယ်ချင်းကောင်းဖြစ်ပါစေ
သူ့ရဲ့မိတ်ဆွေကောင်းဖြစ်ပါစေ
ကိုယ်ကမှန်တချပ်လိုသူ့ကိုယ်သူပြန်မြင်နိုင်ပါစေ။
ကိုယ်ဟာလည်းပဲသူ့ရဲ့ဇနီးကောင်း..သူငယ်ချင်းကောင်း..ဆရာကောင်းဖြစ်ပါစေ။
သူ့အပြစ်ကိုထောက်ပြရသလိုကိုယ့်အပြစ်ကိုယ်လည်းမြင်နိုင်ပါစေ။
ဒီအချိန်ကစပြီးသူနဲ့ကိုယ်ဟာတစ်လှေထဲစီးဆိုတာသတိပြုနိုင်ပါစေ။

မကြီးရေ..
လူဆိုတာမီးရထားတွဲကြီးလိုပါပဲ။
ကိုယ်ကစက်ခေါင်းခန်းထဲဝင်ထိုင်လိုက်ပြီဆိုတာနဲ့
နောက်မှာရိုးရိုးတန်းတွဲအထက်တန်းတွဲအိပ်ခန်းတွဲကုန်တွဲအကုန်ပါလာပြီဆိုတာနားလည်ရမယ်။
လူတစ်ယောက်ဟာဘယ်လောက်တစ်ယောက်ထဲနေနိုင်ပါစေရွေးချယ်ခွင့်မရှိတဲ့မိသားစုတွေကတော့ပါလာမှာပဲ.။
အားလုံးသိတဲ့အတိုင်းယေရူမှာတောင်အမေ့ဖက်ကအမျိုးတွေရှိနေရသေးတာပဲ။
သိရမှာကတော့သူ့မိသားစုကောင်းလည်း
သူ့ကောင်းမှူမဟုတ်သလို..သူ့မိသားစုဆိုးလည်းသူ့ကိုအပြစ်မဖို့ပါနဲ့။
သူဟာသူပဲဖြစ်တယ်။
သူ့မိသားစုဟာသူ့မိသားစုပဲဖြစ်တယ်။
သူ့ကိုမကြီးရွေးချယ်ထားတယ်ဆိုတာမှတ်မိပါစေ။

ဒီလိုပဲ..
သူဆိုးရင်လည်းသူ့မိသားစုကိုအပြစ်မတင်သင့်သလို
သူကောင်းရင်လည်းသူ့ကိုပဲချီးကျုးသင့်တယ်။
ဒါပေမယ့်..ဒါပေသိပေါ့လေ။
ပြောခဲ့တဲ့အတိုင်းမီးရထားတွဲကတော့လိုချင်သည်ဖြစ်စေမလိုချင်သည်ဖြစ်စေရှိနေတာသိရမယ်။
ဆွေမျိုးဆိုတာမခေါ်ချင်လို့သာရတာမတော်ချင်လို့ရတာမဟုတ်ဖဲလေ။

မကြီးရာ..
သားတို့ငယ်ရာကနေကြီးလာကြတော့..
ဒါဟာ..နို့တိုက်တာ..အမေပဲ။
ချော့သိပ်တာကအဖေပဲ။
နောက်နဲနဲကြီးလာတော့…ဒါဟာအဖွားပဲ။
အော်..ဒါကတဝမ်းကွဲ..ဦးလေးတွေအဒေါ်တွေပါလား။
မကြီး၂၇နှစ်လုံးလုံးဖြန့်ကျက်ပြီးဖြည်းဖြည်းချင်း
သိလာရပေမယ့်..
အခုမကြီးကြုံရမှာက..ဝုန်းကနဲဆို..
ဒါတွေဟာယောက္ခမ..ဒါကအဖိုး.ဒါကအဖွား..
ဒါကမတ်..ဒါကဦးလေး..ဒါကအဒေါ်..
ဒါကအင်္ဂလန်က
ဒါကထိုင်ဝမ်က
ဒါကဗာရာဏသီ..က
ဒါကဝသောလီ..က။
အားလုံးကိုရုတ်တရက်ကြီးစတွေ့ရတော့..မှာပဲ။
မကြီးကလူတွေနဲ့ဆက်ဆံတာတော်ပါတယ်။

ဒါပေမယ့်..ကိုယ့်အတွက်အရမ်းoverwhelmဖြစ်တယ်။ပင်ပန်းတယ်မခံစားနိုင်တော့ဘူးဆိုရင်အမြဲဘေးကသူကိုသတိရပါ။
သူကမကြီးရွေးချယ်ထားတဲ့မိသားစုဖြစ်သလိုမကြီးဟာလည်းသူရွေးချယ်ထားတဲ့မိသားစုပါ။
သူ့နဲ့တိုင်ပင်ပါ။
သူ့ဆီအဆိုတင်ပါ။
သူ့ဆီရင်ဖွင့်ပါ။
သူ့ဆီရင်ဖွင့်ပါ။
သူ့ဆီအန်ထုတ်ပါ။
သူဟာမကြီးရဲ့ဟစ်တိုင်ပါ။

မကြီးရေ..
အိမ်ထောင်မှူဘုရားတည်ဆေးမှင်ရည်စုတ်ထိုးဤသုံးမျိုးဘာဆိုလား(ပြင်ရခက်တာကိုပြောချင်တာပါ)
၂၁ရာစုပါကြီးတော်ရေ။
နေပြည်တော်မှာလမ်းတွေချဲ့တော့..ဘုရားတွေဖျက်လိုက်တာမှမနည်းပါဘူး။
ဆေးမှင်ကြောင်ဖျက်တာများအရေပြားဆရာဝန်တွေ
ထမင်းစားလက်မှတ်ကိုဖြစ်လို့ပါ။
သိထားရမယ်အရာတိုင်းမှာထွက်ပေါက်ရှိတယ်ဆိုတာကို။

ဒါပေမယ့်..
လူနဲ့လူ
ပုထုဇဉ်နဲ့ပုထုဇဉ်
Homo sapiensနဲ့ Homo Sapiensကြိုးစားစရာ
လိုကောင်းလိုနိုင်ရဲ့…။
ပြောထားတဲ့အတိုင်း..တိုင်းချုပ်ထားတဲ့အင်္ကျီတွေမဟုတ်တဲ့အတွက်နှာစေးနိုင်ပါတယ်။

သို့ပေမယ့်..
နှာစေးတိုင်းexpireမဖြစ်သလိုကိုယ်ဘာကြောင့်နှာစေးလည်းအဖြေရှာပါ။
စိတ်အေးအေးထားပြီးဖြေရှင်းပါ။
တခေါက်ပြဿနာကိုတခေါက်ဖြေရှင်းပါ။
ကိုယ်အခဲမကြေတာကိုသူချေဖျက်ပါစေ..
သူအလိုမကျတာကိုကိုယ်ဖြည့်ဆည်းပါစေ..
အချင်းချင်းရွေးချယ်ခဲ့ကြသူတွေပဲမဟုတ်လား…။
ပျော်တဲ့နေ့တွေရှိသလို..ပူတဲ့နေ့တွေလည်းရှိလိမ့်မယ်။
ပုခုံးဖက်ပြီးရယ်နိုင်ကြသလို..ပုခုံးအပ်ပြီးငိုဖို့လည်း
ဝန်မလေးပါနဲ့..။

သူ့နဖူးပြောင်ပြောင်နောက်စေ့ရောက်ချိန်အထိ…
မကြီးမျက်နှာအရေးအကြောင်းအတွန့်တစ်ထောင်
ပြည့်တဲ့အချိန်အထိ(သိပ်မလိုတော့ဘူးပေါ့နော်)
မငယ်လေးယောကျာ်းရတဲ့အချိန်အထိ(ပြောချင်တာကသေတပန်သက်တဆုံးပါ)။
ပုခုံးဖက်ပြီးရယ်နိုင်ကြသလို..ပုခုံးအပ်ပြီးငိုဖို့လည်း
ဝန်မလေးပါနဲ့..။

ချစ်သော..သားငယ်