၂၀၁၈-၂၀၂၁ ဝန်းကျင်ခန့်က ရေးခဲ့ပြီး Facebook မှာ ပထမဆုံး တင်ခဲ့တာဖြစ်ကာ မှတ်တမ်းအနေနဲ့ ဒီမှာ သိမ်းထားတာပါ။ စာလုံးပေါင်းပြင်ပြီး စာစီစာရိုက်ပုံစံ ပြန်ပြင်ထားတယ်၊ စကားလုံးတစ်လုံးမှ ပြန်မရေးထားပါဘူး။ ထိုအချိန်ကတည်းက ကျွန်တော့်အမြင်တွေ ပြောင်းသွားတာလည်း ဖြစ်နိုင်သလို မပြောင်းတာလည်း ဖြစ်နိုင်ပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆရာတို့ခင်ဗျား
ခေါင်းအေးအေးထားပြီး စဉ်းစားကြည့်တဲ့အခါကျတော့လည်း ဒီလိုဖုံးထားတာဟာ ကျနော် လုပ်တာတွေအပေါ် ထူးထူးခြားခြားထိခိုက်တယ်မှမဟုတ်ပဲ ၊ ကျနော်လုပ်သမျှက အပေါ်ယံ ဟိုလျှပ်လျှပ် ဒီလျှပ်လျှပ်တင်ပါ ဆရာ ။
တကယ်တမ်းထိခိုက်မှာက nc.covidmyanmar.com ပါ ။ သူ့ဆီမှာ ဘယ်သူက ဘယ်သူ့ဆီကနေကူးတယ်ဆိုတာ သေချာကို ချိတ်ဆက်ပြထားတာ ။ ပြောပြသလောက် ကြည့်ချင်ရင် သွားကြည့်ကြပါ ။
ဒါကို ဘာကြောင့်သိချင်သလဲ ။ အဓိကက ပြည်တွင်းမှာ ကူးတယ်ဆိုတာ သိရုံနဲ့ မပြီးဘူး ။ ပြည်တွင်းမှာ ကူရင်း ဘယ်သူ့ဆီက ဘယ်လို ကူးတယ်ဆိုတာ သိဖို့လိုတယ် ဆရာ ။ အခုလို ၃၄ ၃၅ ၃၆ ၃၇ ၄၁ ဟာ တရားပွဲ တစ်ခုထဲ တူတူတက်သတဲ့ ဆိုတဲ့အခါ ၊ သိဖို့လိုလာပြီ ။ တရားပွဲမှာ ဘာလို့ကူးသတုံး ။ ဒီငါးယောက်ထဲမှာ တစ်ယောက်က တရားပွဲဆီ ပိုးရှိနေတုန်း ဝင်သလားဟဲ့ ။ တစ်ယောက်မှ နိုင်ငံခြားသွားတယ် ဘာညာမရှိ ၊ အင်း ဒါဆို တခြားပွဲတက်တွေထဲမှာ ပိုးရှိတဲ့ လူပါတာဖြစ်ရမယ် ။ တခြား တရားနာပရိသတ်တွေ လိုက်ရှာကြပါဟဲ့ ။ ၂၄ လည်း ရောဂါလက္ခဏာ မပြခင် ၊ ဒီပွဲသွားလိုက်သေးသတဲ့ ၊ အင်း ဒါဆို ၂၄ အပါအဝင် ၆ယောက်ကို ခွဲခြားထား ၊ ကျန် တရားနာ ပရိသတ်တွေကို စောင့်ကြည့် ။ ဒါဆို တတ်စွမ်းနိုင်သလောက်တော့ ရောဂါပိုးကို ခွဲခြားလိုက်နိုင်ပြီပဲ ။ ဒါကို ကူးစက်ရောဂါ ကူးစက်မှု ထိန်းချုပ်မှု ( Communicable Disease Control ) လို့ ခေါ်တာ မဟုတ်ဘူးလား ဆရာ ။
အင်း ကျုပ်တို့ ဝန်ကြီးဌာနကတော့ သိဖို့ လိုတာပေါ့ ၊ မင်းတို့က ဘာလို့ သိချင်တာတုန်းလို့ မေးရင် ၊ ပြည်သူတွေလည်း သိဖို့ လိုတာပေါ့ ။ ဒီလို ပြည်တွင်းမှာ ကူးနေပါပြီ ၊ ဒါပေမယ့် ရောဂါပိုးပင်ရင်း သယ်ဆောင်လာသူ အပါအဝင် လောလောဆယ် ကူးစက်နိုင်သူအားလုံးကို ခွဲခြားစောင့်ကြည့်နေပါပြီ ဆိုရင် စိတ်ပူရတာမလျော့ဘူးလား ။ ၁၆ ဟာ ရောဂါ ကူးစက်သော်လည်း ၊ ခရီးသွားခဲ့ခြင်း မရှိပါ ။ ဒါပေမယ့် သားဖြစ်သူ ဒူဘိုင်းက ပြန်လာသူနဲ့ ထိတွေ့မှုရှိပါတယ် ။ သားဖြစ်သူမှာလည်း ရောဂါရှိဖူးသလို Antibody တွေ့ရှိရတယ်ဆိုပြီး ကြေငြာတာဟာ ၊ ဒီသဘောတရားပဲ မဟုတ်ဘူးလား ။ မပြောပြလိုက်လို့ ပြည်သူတွေ စိတ်ပူပြီး အပြင်မထွက်ပဲနေကြလိမ့်မယ်လို့ ခြောက်လှန့်မှုနဲ့ ထိန်းချုပ်တာက ဘယ်တုန်းကမှ မအောင်မြင်ခဲ့မှန်း စီးကရက်ဘူးကို ကင်ဆာပုံကပ်တဲ့ ဆရာတို့ ကိုယ်တိုင် သိပြီးဖြစ်မှာပါ ။ နိုင်ငံထဲမှာတောင် မရှိတဲ့ မင်းက အပိုတွေ ပြောနေတယ် ဆိုရင်တော့ ကျနော်လည်း မငြင်းနိုင်ပါ ။
ဘယ် ၊ တကယ်တမ်းတော့ ဆယ်တန်းအောင်စာရင်းတောင် လေးလပိုင်းကုန်ရင် သိနေရတဲ့ ဒို့နိုင်ငံ ၊ ကျန်းမာရေးက တရားဝင်ကြေငြာမှ သိကြတယ်ထင်သလား ။ ခုတော့ ဖေ့စ်ဘွတ်ခ်မှာ နာမည်နဲ့ကို တွဲပြီး တက်နေတာ ညနေလောက်ထဲကရယ် ။ ဒါဆို ဘာကြောင့် သိချင်သလဲ ။ သတင်း စစ်မှန်ကြောင်း က သေချာပြောပြနိုင်တာ ဆရာတို့ပဲ ရှိတာကိုး ။ လူတကာ တင်ချင်တိုင်း တင်လို့ရရင် ၊ တို့မီး ရှို့မီး သတင်းမှားတွေ တက်ချင်တိုင်း တက်လာမှာပေါ့ ။ တရားဝင်ကြေငြာပါတယ်ဆိုတဲ့ ဆရာတို့မှ မရှိရင် ၊ သတင်းတုတွေကို တုကြောင်း ငြင်းနိုင်ပါဦးပါ့မလား ။
ဒီလိုလုပ်ရတဲ့အကြောင်းဟာ တကယ်ကို အလုပ်တွေများလွန်းလို့ မလုပ်နိုင်တော့တာလို့ဆိုရင်လည်း ဆရာတို့ သဘောပါ ။ ဆရာတို့ ထုတ်ပေးသမျှဟာလည်း ထူးထူးဆန်းဆန်း စစ်ဆေးအဖြေထုတ်ရတဲ့ သွေးဖြူဥဘယ်နှသောင်း ၊ သွေးနီဥ ဘယ်နှသောင်းလည်း မဟုတ်ပါ ။ ဆေးရုံကို လူနာလာတိုင်းမေးရတဲ့ ဖန်တရာတေ History Taking ရဲ့ ပထမငါးမိနစ်ပါ ။ ကျနော်တို့ သွားဖက်ဆိုင်ရာ ဆေးရုံ ခံတွင်းရောဂါကုဌာနမှာဆို ပထမစာမျက်နှာရဲ့ ၁လက်မခွဲစာ အလယ်အပိုဒ်ပါ ။
တကယ်တမ်းတော့ ဒီထက်ပြောပြစေချင်တာပေါ့ ဆရာတို့ ။ လူနာတွေ့ပြီဆို ဒီလူနာ ဘယ်တွေသွားခဲ့သေးတုန်း သေချာသိချင်တာပေါ့ ။ သိဖို့လိုတာပေါ့ ။ ဆရာတို့ Website မှာ ရောဂါရှိသူနဲ့ ထိတွေ့တယ် ထင်ရင် သတင်းပေးဖို့ တင်ထားတာတွေ့ပါတယ် ။ ဒီလူနာ ဘယ်သွားခဲ့မှန်း မသိရင် တွေ့ခဲ့မှန်း သိရပါ့မလား ။ လူနာရဲ့ ဓာတ်ပုံပြပါဆိုတဲ့ လူတွေကတော့မှားပါတယ် ။ Confidentiality ဆိုတာ ရှိမှန်းသိပါတယ် ။ ဒါပေမယ့် ဘယ်သူမှန်းလည်း မသိ ၊ ဘယ်သွားခဲ့မှန်လည်း မသိရင် ဘယ်သူက ထိတွေ့မှန်း သိပါ့မလား ခင်ဗျာ ။ ပိုလာစတား ကိုထူးမြင့်နောင်အကူအညီနဲ့ ဆရာတို့ စောစောပြော ဆိုတဲ့ Application လုပ်ကြသေးတယ်ကြားပါတယ် ။ ဘယ်လောက် အောင်မြင်သတုန်း ၊ ဘာတွေ့ ထည့်ထားတုန်း သေချာမပြောတော့ သေချာလည်း မသိပါ ။
ကျနော် နိုင်ငံရေးမှာရော လူမှုရေးမှာရော အ ပါတယ် ။ သူများတွေပြောတဲ့ ဘာကြောင့် ဒီလိုလုပ်ရတယ် ဘယ်သူ့ကြောင့် ဒီလိုလုပ်ရတယ်ဆိုတာလည်း နားမလည်ပါ ။ တကယ်ကို အလုပ်ရှုပ်လွန်းကို ဒါကို အချိန်မပေးနိုင်ဘူးလို့ သဘောထားတယ်ဆိုလည် City Mart ဘောက်ချာနောက်ကျောမှာ ဆရာတို့ လက်ရေးနဲ့ရေးပြီး နာမည်ကို Correction Pen နဲ့ဖျက် ၊ ဓာတ်ပုံရိုက်ပြီး တင်ပါဆရာ ။ အခုလည်း Data ကို JPEG PDF နဲ့ တင်ပေးတဲ့နောက် ၊ ဒီလောက်နဲ့ တော့ ကျနော်တို့ မမှုပါဘူး ဆရာတို့ ခင်ဗျား ။
စိတ်ကောက်လို့ ရွဲ့တယ်လို့ သဘောထားပါ ဆရာတို့ ၊ ဒီပုံက မနက်ဖြန်ကစပြီး လွင့်ပစ်ရမှာပါ