Htun Teza
မြန်မာ

အဖေ့ အိမ်

Facebook, c. 2018–2021, 4 min read

Written circa 2018–2021 and first posted on Facebook, kept here for the archive. Spelling corrected and the formatting redone; not a word rewritten. My views may or may not have changed since.

ကျုပ် မှတ်မိသလောက် အသက်ရဲ့ ၃ ပုံ ၂.၅ ပုံလောက်မှာ အဖေဟာ အဝေးမှာပဲ ။ ကျုပ် ပျဉ်းမနားမှာ ရှိတော့ အဖေက မိတ္ထီလာ ၊ အဖေ နေပြည်တော်ရောက်ပြန်တော့ ကျုပ်က ရန်ကုန်မှာ ။ အဲ့တော့ကာ အဖေ့ကို တွေ့ရမယ်ဆိုတာ တကူးတက ။

ငယ်တုန်းကတော့ အဖေ့ဆီ သွားရမယ်ဆိုရင် စိတ်မပါ ။

နံပါတ် ၁ ၊ ဘယ်လိုရယ် ဘာရယ်မသိ အဲ့တုန်းက ခရီးသွားတယ်ဆို မနက် ဝေလီဝေလင်း ထရတယ်လို့ မှတ်မိတာပဲ ။ အမေ ပစ္စည်းထည့်နေအချိန် ဟိုနားမှေး ဒီနားမှေး ။ အိပ်ပျော်ခါနီးဆို ထ ထ သွားတော့မှာကို မမှေးနဲ့ဦး ၊ ကား ပေါ်ရောက်မှ အိပ်ဆိုပြီး အိပ်ချင် မူးတူး ၊ ကားပေါ်ရောက်တော့လည်း မငယ်က အန် ၊ ကျုပ်က အန်နဲ့ ။ အိပ်ရတာ ဖီလင်မလာတော့ ၊ မိတ္ထီလာ သွားမယ်ဆို သဘောမကျ ။

နံပါတ် ၂ ၊ မနက်စာ ။ စကားမစပ် ၊ ကျုပ်တို့ အိမ်ဟာ မနက်စာ ထမင်းကြော်နဲ့ ကော်ဖီ ကို တာဝန်လိုကို စားရတာ ။ မနက်ဖြန် ဘာစားမလဲလို့ မေးရင် နေ့လည်စာနဲ့ ညစာလို့ပဲ သဘောတန်းပေါက် ။ မနက်စာဟာ ဝါဝါထိန် ထမင်းကြော် စားတော်ပဲနယ် ကို မယ်လမင်း ပန်းကန် အပြာရောင် ၊ ကော်ဖီဟာ မယ်လမင်းခွက် ပန်းရောင် ။ ဘာလို့လဲလို့ မေးရင် ကျုပ်လည်း မသိ ၊ အမေ့ကို မေးရင်တော့ တို့အမျိုးတွေဟာ ဂျပန်ခေတ် နို့ဆီမရှိတာတောင် ထန်းညက်ရည်နဲ့ ဖျော်သောက်ခဲ့ကြတဲ့ သမိုင်းကြားရလိမ့်မယ် ။ ထားပါတော့ ။

ပြောချင်တာက ပုံမှန် မနက်စာဟာ မပုံလက်ရာပဲ ။ မိတ္ထီလာရောက်ရင်တော့ အမေချက် ။ ရန်ကုန် Feel နဲ့ နေပြည်တော် Feel မီနူးတူပေမယ့် လက်ရာမတူတဲ့အတိုင်း ၊ အမေ့လက်ရာဟာ မပုံလက်ရာလောက် စားမကောင်း ။ ဘာက မတူမှန်း မပြောတတ် ။ ထမင်းကြော်က မပုံလောက် မဝါ ၊ ပေါ့ရွှတ်ရွှတ် ။ စားတော်ပဲက ပျဉ်းမနား အိမ်ရှေ့လမ်းထိပ်က အသည်ကြီး ရောင်းတာနဲ့ မတူ ၊ မာဆတ်ဆတ် ။ ကော်ဖီကလည်း အချိုပေါ့သလိုလို အခါးပေါ့သလိုလို ။ မနက်ခင်း အိပ်ရာနိုး ၊ မနက်စာ မတူတော့ ပျဉ်းမနားကို ပိုလွမ်း ။

နောက်ပြီးတော့ အဖေ့ဆီကို သွားနိုင်တာက ကျောင်းပိတ်ရက်ရှည် ရှိတဲ့ နွေရာသီလိုမျိုး ။ ကျုပ်ဟာ နွေရာသီတွေမှာဆို ဘွားညွန့် အခန်းမှောင်မှောင် လှောင်လှောက်ထဲမှာ ၊ လွန်ခဲ့တဲ့ နှစ်တစ်ရာက ငွေတာရီတွေကို ရှေ့ကနေ နောက်လှန် ၊ နောက်ကနေ ရှေ့လှန် ။ ဟိုအံဆွဲ ဒီအံဆွဲထဲက ထွက်လာတဲ့ ဘယ်ကမ္ဘာက ဝယ်ထားပြီး ဘယ်အချိန် expire ဖြစ်မှန်း မသိတဲ့ မှုန့်တွေကို လက်တဖက်က ကိုင်ထားရင်း စာဖတ်တဲ့ အကျင့်ဆိုတော့ မိတ္ထီလာသွားခြင်းဟာ စာအုပ်ပုံကြီးနဲ့ ဝေးခြင်းပဲ ။

ဟုတ်တယ် မဟုတ်တယ်တော့ မသိ ၊ ဒါက ကျုပ် အမြင်ပဲ ။ ကလေး သုံးယောက်က မာတာပီတု ဥပဌာနံ ၊ ဒယ်ဒီ ပါပါး ဖခမည်းတော်ဖျားဆီ သွားရမယ်ဆို စိတ်ကောက်သလိုလို ဖင်အောင့်သလိုလို ဖြစ်ကြတော့ ၊ မိဘနှစ်ပါး ဗျာများကြတယ် မှတ်တာပဲ ။ ဗျူဟာတွေ ခင်းကြတယ် ဆိုပါတော့ ။

ဗျူဟာ ၁ ၊ ကျုပ်တို့ ပျဉ်းမနားအိမ်မှာ စလောင်းမရှိဘူးရယ် ။ ကာတွန်းကားထဲက ငါးအရိုးလို ပြိုင်းပြိုင်းထီးထီကြီး ထောင်နေတဲ့ ရှေးပဝေသဏီက အင်တန်နာ တစ်ခုပဲ ရှိတော့ ၊ မြဝတီမဟုတ်ရင် မြန်မာ့အသံပဲ ရှိတယ် ။

ဒီတော့ကာ ၊ အဖေ့ဆီမှာက စလောင်း နှစ်မျိုးရှိတယ် ။ လက်မ အတိအကျရယ်တော့ မမှတ်မိ ။ စလောင်းအကြီးထဲမှာက ဟောင်ကောင်လိုင်းတို့ ၊ အင်ဒိုနီးရှားလိုင်းတို့ ပါဝါရိမ်းဂျားလာတတ်တဲ့ လိုင်းတွေ ရှိတဲ့ အပြင် ၊ အသေးထဲမှာက Cartoon Network ရယ် Disney ရယ် ။ စလောင်းက နှစ်ခုရှိပေမယ့် TV က တစ်ခုထဲရှိတော့ ကိုယ်ကြည့်ချင်တဲ့လိုင်းရှိရင် စောထပြီး ဦးထားရတယ် ။ ပြီးတော့ အဖေ ရုံးပြန်လာချိန်ဆိုရင် အားကစားလိုင်းတွေကြည့်တော့ ၊ စလောင်း ဦးချိန်ဟာ မနက်ပိုင်း နဲ့ နေ့လည်ပိုင်း ခွဲပလေးရတယ်ဆိုပါတော့ ။

တကယ်တန်းတော့လည်း ရယ်ရတယ် ။ ဘယ်နှနာရီ ဘာလာမယ်ဆိုတာ မသိတဲ့ အပြင် ၊ အသံလည်း နားမလည် စာတန်းလည်း မဖတ်တတ်တာကိုပဲ ဘာလို့ ကိုယ့် Channel ကို ဦးကြမှန်း နားမလည် ။ အမကြီး နဲ့ အမငယ်ဟာ ရှင်းခုန်းဝေ့ရှိဆိုနဲ့ ကြော်ငြာခဏခဏလာတဲ့ ဟောင်ကောင်လိုင်းကို ဦးကြချိန်မှာ ၊ Cartoon Network ကို ဦးရတာဟာ တကိုယ်တော်တိုက်ပွဲ ပဲ ။ ထားပါတော့ ဒါက နောက်တဇာတ်လမ်း ။ ပြောချင်တာက ပျဉ်းမနားပြန်ရောက်တိုင်း အမေ့ကို စလောင်းတပ်ရအောင်လို့ ပြောရင် ၊ မိတ္ထီလာရောက်မှကြည့် လို့ပဲ ပြောတယ် ။ ကျုပ်အမြင်မှာတော့ ၊ ဒါဟာ မိတ္ထီလာရဲ့ ဗျူဟာ ။

ဗျူဟာ နံပါတ် ၂ ၊ ဒါလည်း နံပါတ် ၁ နဲ့ ခပ်ဆင်ဆင်ပဲ ။

ကျုပ်တို့ အိမ်မှာ Game ဆော့တာကို အားမပေးတာနောက်ထား ၊ ဆေးလိပ်သောက် ကွမ်းစားသလိုကို ရှုံ့ချတယ် ။ တစ်အိမ်ကျော်အိမ်က P2 ဂိမ်းဆိုင် ဖွင့်ထာတော့ ၊ ကျောင်းစိမ်း ကျောင်းသားတွေ ဝင်သွားတာမြင်တိုင်း ၊ ပျက်ဆီးနေကြတာလို့ကို သဘောထားတာရယ် ။ အဲ့တော့ကာ ကျုပ်ဟာ ကျောင်းမှာ သူငယ်ချင်းတွေက ကားသူခိုးဂိမ်းတို့ ၊ ရေနံဂိမ်းတို့ ပြောတိုင်း တစ်လုံးမှ နားမလည်ဘူးရယ် ။

ပြောချင်တာကတော့ Game 300 တို့ Game 500 တို့ ၊ တရုတ် DVD စက်တွေမှာ ဂိမ်းတွဲပါတဲ့ စက်တွေလည်း အဖေ့ဆီမှာ ရှိတယ် ။ အဲတော့ မိတ္ထီလာရောက်ရင် တရားဝင် ဂိမ်းကစားလို့ရတယ် ။ ကျုပ်အမြင်မှာတော့ ၊ ဒါဟာ မိတ္ထီလာရဲ့ ဗျူဟာ ။

ဗျူဟာတွေ ခင်းကျင်းပြီးနောက်မှာတော့ ၊ ကလေးသုံးယောက်ဟာ မိတ္ထီလာ ကို အရင်လောက် စိတ်မညစ်တော့ဘူး ဆိုပါတော့ ။


ဒီနောက်တော့ ကလေးတွေလည်း အတော်အသင့် အိုလာတဲ့အတွက် ၊ သိတတ်လာတယ် ထားပါတော့ ။

ဒါပြီးနောက် ဒီအခန်းဟာ အဖေ့ဆီသွားရတာ တဖြည်းဖြည်း သဘောကျလာခန်း ။

ကျုပ် အမြင်မှာတော့ အဖေဟာ အမေ့လောက် စာဖတ်အားမသန်ဘူးရယ် ။ ကျုပ်မျက်လုံးထဲမှာ အဖေ နဲ့ အမေလို့ မှန်းကြည့်လိုက်ရင် ၊ အဖေဟာ အားကစား Channel ကို ကြည့်နေပြီး ၊ အမေဟာ လွန်းထားထား လမင်းမိုမို ဝတ္ထုတွေဖတ်နေတယ် ။

ကျုပ် ၆ တန်းမှာ ဘွားညွန့် ဆုံးတယ် ။ အပျိုကြီး ပစ္စည်းတွေကို ကျန်ရစ်သူ မိသားစုတွေက ခွဲစိတ်ပိုင်းခြမ်းသွားကြလို့ ၊ ဘွားညွန့် အခန်းဟာ အခွံအတိုင်းကျန်ခဲ့တယ် ။ ဘွားညွန့်ရဲ့ စာအုပ်တွေကိုလည်း ၊ စာကြည့်တိုက် လှူတန်လှူ ၊ သေတ္တာထဲ သော့ခတ်တန် သော့ခတ်ဆိုတော့ ၊ ကျုပ် ဘုံပျောက်ဆိုပါတော့ ။

ဒီနောက်မှာ ( ကျုပ်ပဲ အဲ့နောက်မှ သတိထားမိလားတော့ မသိ ) အဖေဟာ မိတ္ထီလာမှာ စာအုပ်တွေ စစုလာတယ် ။ ဖေမြင့်ရဲ့ နှလုံးသား အာဟာရတို့ ၊ ဒေးလ်ကာနယ်ဂျီရဲ့ ငါးမိနစ် အထုပ္ပတ္တိတို့ဟာ အဖေ့ဆီကနေ ယူဖတ်ဖြစ်တာပဲ ။ ကျုပ်ပဲ သေချာမမှတ်မိသလား မသိ ၊ ပျဉ်းမနား အိမ်ဟာ စာအုပ် အသစ် မဝယ်ဘူး ။ ကျုပ် ဖတ်သမျှဟာ ဘဘလတ် လက်ထက်က စာအုပ်တွေကြီးပဲ ၊ လွတ်လပ်ရေးခေတ်က စာအုပ်တွေဆိုပါတော့ ။ ဒီတော့ကာ အဖေ့ဆီရောက်ရင် ဘာစာအုပ် အသစ်ရှိလဲလို့ မေးဖတ်တာ အကျင့် ဖြစ်လာတယ် ။

ကျုပ် ဆယ်တန်းစာမေးပွဲပြီးတော့ ၊ အဖေ့ဆီကို လပိုင်းလောက်ကို သွားနေဖြစ်တယ် ။ ယင်းမာပင် မှတ်တာပဲ ၊ ဟိုမရောက် ဒီမပေါက် တောကြီးမျက်မဲထဲမှာ ၊ အဖေဟာ သားတော်မောင်ဖတ်ဖို့ PDF ရာချီ စုထားပေးတယ် ။

ကိုယ်ပဲ အိုလာလို့ရယ် မသိ ။ ဆယ်တန်းပြီးနောက်ပိုင်းမှာ ၊ အဖေဆီမှာ နေရတာ ပိုသဘောကျလာတယ် ။ ငယ်တုန်းကတော့ အဖေ့ဆီမှာဆို မနက်အစောကြီးထရတယ် ၊ ဘာရယ် ဘာရယ် ပေမယ့် ၊ ဒီနောက်မှာတော့ အဖေ့အိမ်ရဲ့ အချိန် သတ်သတ်မှတ်မှတ်ကို ပိုသဘောကျလာတယ် ။

မနက် ၅ နာရီလောက်မှာ အဖေဟာ လမ်းထလျှောက် ၊ မနက်ခင်း ပြေး ၊ လေ့ကျင့်ခန်း လုပ်တယ် ။ အဖေ လမ်းလျှောက်ပြန်လာရင် ကျုပ်ကို နှိုးတယ် ၊ အဖေ ရေချိုးတယ် ၊ ကျုပ် သောက်တော်ရေလှယ် ။ အဖေ ရေချိုးပြီးရင် ၊ ကျုပ် ရေချိုး ၊ အဖေ ဘုရားရှိခိုးတယ် ။ ဘုရားရှိခိုးပြီးရင် မနက်စာ စား ။ အဖေ ယူနီဖောင်းလဲ ။ အဖေ ဖိနပ်စီးပြီဆို အဖေ့ ရုံးအိတ်ကိုင် ၊ ကားပေါ်လိုက်ပို့ ။

အဖေ ရုံးသွားပြီ ဆိုရင် ၊ မနက်ခင်း အလေးမ သလိုလို ၊ ကြမ်းပြင်ပေါ် အိပ်သလိုလို လုပ် ။ ပြီးပြီဆိုတာနဲ့ ၊ ဝတ္ထု စဖတ်တော့တာပဲ ။ အဖေ ပြန်လာ ၊ နေ့လည်စာ စား ၊ ရုံးပြန်သွား ၊ ဝတ္ထုပြန်ဖတ် ။ တနေ့ကို ၁ အုပ် ၊ ၁ အုပ် ခွဲတော့ ပြီးတာပဲ ။


ဘာပြောချင်တာမှန်း မသိတော့ တို့လို့တန်းလန်း ။

ညကြီးသန်းခေါင် ကိုယ့် အခန်းကိုယ် ကြည့်ရင် အဖေ့ အခန်းကို သတိရ ။ အဖေကတော့ စာအုပ်တွေစုရင်း ၊ ပျဉ်းမနား ဧည့်ခန်းလည်း စာကြည့်တိုက်ဖြစ်လို့ ။ ကျုပ်တို့လည်း အဖေဟာ အဝေးမှာနေကြောင်း ပြောရင်း ၊ ကျုပ်တို့က အဝေးကို ရောက်လို့ ။

ဟပ်ပီး ဆစ်စတီ ဆတ်ကင်း ဘတ်ဒေး ခမည်းတော် ။

ပုံ - အဖေ့ ထက် သားက ၂ နာရီ နောက်ကျပြီး ပန်းဝင်ခြင်း အမှတ်တရ ။