Written circa 2018–2021 and first posted on Facebook, kept here for the archive. Spelling corrected and the formatting redone; not a word rewritten. My views may or may not have changed since.
လူနာကို အသက်ရှုပိုက်ထည့်ပေးတာ ခက်နေလို့ PPE ဖြုတ်ပြီး ထည့်ပေးလိုက်တယ် ပြောကြတယ် ၊
Video Laryngoscope သာရှိခဲ့ရင်ဆိုတာရော ၊ လာလှူတဲ့အကြောင်းရော ၊ ငါသာ ကူးခဲ့ရင် ဘာလုပ်မယ်ဆိုတာရော ၊ တင်ထားတာ တွေ့လိုက်တယ်
ဒါတွေကြားတော့ ကျုပ်အမငယ်ကိုပဲ သတိပြေးရတယ် ၊
ဒင်းလည်း သလိုပဲ ၊ အခုတော့ ဆေးရုံမှာ အလုပ်လုပ်တော့ တပတ်တခါပြန်လာတိုင်း ဒီအပတ်အတွင်း လူနာ သတင်းစဉ် နားထောင်ရတာဟာ Dr House ကြည့်ရတဲ့ အတိုင်းပဲ ။
ဇာတ်လိုက်လို ဟိုဟာလုပ်လိုက်စမ်း ဒီဟာလုပ်လိုက်စမ်း နေရာတော့ မဟုတ်ဘူး ၊ ဇာတ်လမ်းထဲမပါတဲ့ နပ်စ်လိုလို ၊ ဒေါက်တာ ပေါက်စလိုလို နေရာက ၊
သူနေတာက HDU ဆိုတော့ ICU နဲ့ Normal Ward ကြားက ဘတ်စ်ကားဂိတ်လိုပဲ ၊ သူ့လူနာတွေက ဟို ward က ဒီ ward ရောက်လိုက် ၊ ဒီ ward လာရင်းနဲ့ ဟို ward ပြန်ပြေးရလိုက်နဲ့ ၊
ဒင်းဇာတ်လမ်းတွေထဲမှာ ဒင်းက ဝေသန္တရာ ၊ ဆီးချို စစ်ဖို့ ပစ္စည်းမလုံလောက်တဲ့ ဆေးရုံမလို့ တစ်ခါတိုင်းတိုင်း ပိုက်ဆံရာတန်လေးတွေ ခြင်းထဲထည့်ပေးရတဲ့ ဆေးရုံမှာ ၊ ဒင်း ရာတန်တွေအကုန် အဲ့ခြင်းထဲသွား ၊
ဒင်းဇာတ်လမ်းတွေထဲမှာ ဒင်းက အဘွားကြီး ၊ လူနာတွေကို ငေါက်လိုက် ၊ ငေါက်ပြီး သူ့ဟာသူ မနေတတ် မထိုင်တတ်တွေဖြစ် ၊ ဖြောင့်ဖြောင့်လည်း မတောင်းပန်တတ်တော့ သူ့ဟာသူ ပြန်သွားကြည့်ပြီး တောင်းပန်တာလိုလို ၊ ထပ်ဆူတာလိုလို ဖြစ် ၊ စကား အပြောအဆိုက အပေါက်အလမ်းမတည့်တော့ သူများလို ဒေါက်တာမှာ “လေး” တောင် အကပ်မခံရတဲ့ ဒင်း ၊
ဒင်းဇာတ်လမ်းတွေထဲမှာ ဒင်းက ပြာတာကြီး ၊ လူနာကို ဆေးစစ်မယ် ၊ ဓာတ်မှန်ရိုက်မယ်ဆို ခုဆိုမှ ခု ၊ လူနာ ဆေးစစ်ချင်လို့ပါဆိုပြီး တွေ့ရမျှလူကို ရအောင်ဆွဲ ၊ အချိန်အခါ ဘာညာမသိ ခုဆို ခုရိုက် ၊ တနေရာနဲ့ တနေရာ သွားရခက်သလား ၊ အလုပ်သင်တုန်းက လူနာရှင်တွေ စုပြီး Ambulance ပေါ် တင်ခေါ်သွားလို့ အဆဲခံရသတဲ့ ၊
ဒင်းဇာတ်လမ်းတွေထဲမှာ ဒင်းက ဆေးရုံအကူ ၊ တခါက ဒင်းလူနာ HDU ထဲမှာ Ventilator မရှိလို့တဲ့ ၊ ICU ထဲ ပြေးပြီး ဆွဲလာတာ ဖိနပ်တောင် မပါဘူးတဲ့ ၊ ဒင်းဖိနပ်တွေကြည့်လိုက်ရင် ဆွမ်းတော်ချထားတဲ့ ငှက်ပျောသီးလိုပဲ ၊ ဝယ်တုန်းကတော့ လှတယ်ဆိုတာ မှန်းလို့ရတယ် ၊ ခုတော့ ရွဲလို့ ၊
ပထမဆုံး CPR လုပ်တဲ့နေ့ကအပြန် အိမ်မှာ ထိုင်ငိုတဲ့ ဒင်း ၊
Brother ကြီးကို မယုံလို့ ဆေးရုံကားပေါ် တလျှောက်လုံး ကိုယ်တိုင် Ambu bag ညှစ်လာတဲ့ ဒင်း ၊
လူနာကို Cannula ထိုးရင် နာသွားမှာဆိုးလို့ ကျုပ်လက်ကိုပဲ အခေါက် ငါးဆယ် ထိုးသွားတဲ့ ဒင်း ၊
လူမှုရေးရှုပ်မှာ စိတ်ပူလွန်းလို့ တစ်မိသားစုလုံး နေမကောင်းရင် ဒင်းဆေးရုံကို မလာပါနဲ့ဆိုတဲ့ ဒင်း ၊
အသုဘတောင် ၂ မိနစ်ခွဲ သတင်းမေးပြီး စိတ်ရောဂါကုဆရာဝန် လုပ်ချင်တဲ့ ဒင်း ၊
ဗြစ်တောက် ဗြစ်တောက်ပြောရင်း ၊ အိမ်ပြန်လာတိုင်း သူ့ လူနာတွေကို စိတ်မပြတ်တဲ့ ဒင်း ၊
ဒင်းရှေ့မှာ ဆရာဝန်လို့ အခေါ်ခံရမှာ ရှက်လို့ ကျုပ်နာမည်ရှေ့ ဒေါက်တာမတပ်ဘူး ဒင်းရေ ၊
အဲ ခုလည်း ဒင်းကို စိတ်ပူလို့ ဖုန်းဆက်တာ ၊ ဖုန်းမကိုင်ဘူး ၊
ပြန်မဆက်နဲ့ ကျုပ်လည်း မကိုင်ဘူး