Htun Teza
မြန်မာ

ဇာတ်လမ်းက ဒီလို

Facebook, c. 2018–2021, 3 min read

Written circa 2018–2021 and first posted on Facebook, kept here for the archive. Spelling corrected and the formatting redone; not a word rewritten. My views may or may not have changed since.

သောက်ကျင့် မကောင်းဘူးဆိုပါတော့ဗျာ ၊ ငယ်ကထဲကပဲ ။ ကျုပ်တို့ အိမ်ကြောင့်လို့ပဲပြောရမလား ။ ဇာတ်လမ်းက ဒီလို ။

ကျုပ်တို့ အိမ်မှာ စာကျက်တော့ဟေ့ စာကျက်ချိန်ရောက်ပြီလို့ သီးသန့်မရှိဘူးရယ် ၊ အဲ မရှိတာတော့ မဟုတ်ဘူး ။ မတင်းကျပ်ဘူး ပြောရမယ် ။ အချိန်စာရင်းက ဒီလို ၊ ကျုပ်တို့ ကန်နားကျောင်းက ညနေ ၃ခွဲဆို ဆင်းတယ် ။ ကျောင်းပြီး ကျူရှင်က တော်ရုံ ၄ နာရီကနေ ၆ ခွဲလောက်ထိပဲ ။ ကျူရှင်သော်ငြား ကျုပ်တို့ ပျဉ်းမနားက တောကျူရှင် ဆိုတော့ ၊ စာသင်တယ် စာကျက်တယ် ဆိုတာထက် ကျောင်းမှာ တွေ့ရတဲ့ သူငယ်ချင်းတွေကို ဘောလုံးပွဲ အချိန်ပိုလိုမျိုး ထပ်တွေ့ကြတာပဲ ။ ဘောလုံးကန်တဲ့ကောင်က ကန် ၊ လေပန်းတဲ့ကောင်က ပန်း ၊ ဆရာမ အိမ်ကမိသားစုတွေနဲ့ မုန့်လုပ်စားကြ အဓိကပဲ ။

၆ခွဲ ကျူရှင်ဆင်းရင် အိမ်ပြန်ပြေး ၊ မြဝတီက ကာတွန်းကား ပြီးခါနီးလေးကို ကြည့် ။ ပြိုင်ကားလေး ဇာတ်ပါ တို့ ၊ ရှောင်လင် သိုင်းသမားလေးတို့ ဆိုတာ မြဝတီကနေ ၆-၆ခွဲလောက်မှာ ပြတတ်တယ်ရယ် ။ အဲ ၇နာရီလောက်ကျတော့ ကိုရီးယားကားကြည့် ၊ အွန်စောတို့ ဂျွန်စောတို့ ၊ ချန်ဂင်တို့ ဂျူမုန်တို့ ဆိုတာ ၊ တီဗွီမကြည့်တဲ့ အဖွားကအစ ၊ လူစကားမတတ်တဲ့ ကြောင်အထိ တစ်အိမ်လုံး ငုတ်တုတ်ကြည့်ကြတယ် ။ အဲ ၈ နာရီထိုးရင်တော့ သွား ၊ ကလေးတွေ စာကျက်တော့ ဆိုပြီး နှင်ကြတယ် ။ သော်ငြား အကျင့်က ကိုယ့် အတန်းစာကို ဘယ်လိုမှ မကိုင်ချင်တာပဲ ။ ကျောင်းစာကို သဘောမကျတာ မဟုတ်ဘူးနော် ၊ ကျုပ်စာကို သဘောမကျတာ ။ အမတွေ ငါးတန်း ၊ ကျုပ် ၃တန်းမှာ ကျုပ်က မဟောသဓာကိုပဲ ဖတ်ချင်တာ ။ ကျုပ်လည်း ၅တန်းရောက်ရော ၊ အမကြီးရဲ့ ကျောင်းစာ ရေသည်ပဲ သဘောကျ ၊ မဟောသဓာကို ကိုင်ကို မကိုင်ချင် ။

ထားပါတော့ ၊ အာ့တော့ကာ အမတွေ မြန်မာ ဖတ်စာအုပ်ဖြစ်ဖြစ် ၊ သမိုင်း ဖတ်စာအုပ်ဖြစ်ဖြစ် ကိုင်ပြီး ၊ တီဗွီရှေ့မှာ ဟိုဟာ ကိုင်သလိုလို ဒီဟာ ကိုင်သလိုလို ။ အဲ နောက်တခုက ည ၈နာရီကနေ ၉ခွဲ ၁၀နာရီလောက် အထိဟာ တီဗွီဟာ ဘွားမေအပိုင်ပဲ ။ ဘွားမေဟာ သတင်းကို ရွှေတိဂုံဘုရားပုံနဲ့ စတဲ့ ပြည်တွင်းကအစ ၊ ပုံလုံ ပုံလုံ ပုံ ပုံ့လုံပုံ ပုံ့လုံပုံ ဆိုတဲ့ အသံနဲ့စတဲ့ နိုင်ငံတကာ သတင်းက အစ တထိုင်ထဲကြည့်တယ် ။ ဘွားမေနားကပ်ပြီး သတင်းကြည့်သလိုလို နှိပ်ပေးသလိုလို လုပ်နေရင် ၊ အမေလည်း ဘာမှ မပြောရဲဆိုတော့ အမတွေအတွက် စာကျက်ချိန်ဟာ ကျုပ်အတွက် သတင်းကြည့်ချိန်ပဲ ။ ဘာတွေလာနေမှန်း မသိပေမယ့် ၊ အီရတ်မှာ အမေရိကန် စစ်တပ်က နှိပ်စက်ကြောင်းကို သီချင်းလေးနဲ့လာတော့ “အခိုင်အမာဆုံးသော ပြည်ထောင်စုတတွေ….. စစ်ခင်းလျက်ရှိကြလေ….. ပြည်သူ စိတ်ဝမ်းပျက်ရလေ” ဆိုတဲ့ သီချင်းကြားတိုင်း ၊ အိုဘယ့် စီအိုင်အေကို ပြေးပြေးမြင်နေတာပဲ ၊ ထားပါတော့ ။

ည ၉ခွဲလောက်ရောက်ရင် အိပ်တော့မလိုလိုနဲ့ ၊ ကုတင်ပေါ်တက်ပြီး အိပ်ငိုက်သလိုလို လုပ်ရင် ၊ အမေက “ဟင် စာကျက်တာပြီး ပြီလား” လို့ မေးရင် “ပြီးပြီ” လို့ ဖြေ ၊ ပြီးရင် အမေ ညတိုင်းငှားငှားတတ်တဲ့ မဂ္ဂဇင်းစာအုပ်တွေ ဟိုလှန် ဒီလှန် လုပ်ပြီး အိပ်တော့တာပဲ ။

ခြေဆင်းကလည်း ရှည်ချက် ။ ပြောချင်တာက ၊ ဟင် နေ့တိုင်း စာမကျက်တော့ ဘယ်တော့ စာကျက်တုန်း လို့ မေးရင် စာမေးပွဲ ဖြေခါနီး လဝက်ပဲ ။ အဲ့လောက်ရောက်ရင် ကျူရှင်တွေကလည်း အချိန်ပိုတွေခေါ် ၊ ကစားတာတွေရပ် ၊ စာကျက် စာပြန်တွေ လုပ် ။ သောက်ကျင့်က မကောင်းပေမယ့် ခေါင်းလေးက မဆိုးတော့ ၊ စာမေးပွဲတိုင်း အခြေအနေ ကောင်းတယ်ဆိုပါတော့ ။ အဲ ၊ အခြေအနေက ကောင်းနေတော့ သောက်ချိုးတွေက မပြင် ၊ နီးမှ ကပ်လုပ်တဲ့ အကျင့်က အရိုးစွဲနေတယ် ဆိုပါတော့ ။

ဟယ် တက္ကသီလာရောက်တော့ သောက်ကျင့်က မကောင်း ၊ သောက်ချိုးက မပြင် ၊ သောက်စိတ်က မပါ ။ သောက်သုံးယောက် ဖိုခနောက်ဆိုက်ပြီး ၊ ကျလိုက်တဲ့ စာမေးပွဲဆိုတာ တဖုန်းဖုန်းပဲ ။ ဟယ် မဟုတ်သေးပါဘူး ၊ ဆိုပြီး ပြင်သလားဆိုတော့ ဟင့်အင်း ။ စာကျက်နည်းပဲ ပြောင်းလိုက်တော့တယ် ။ ဩကာသ ကျက် မကျက်တော့ပဲ နဲ့ ၊ စာပိုဒ် တစ်ပိုဒ်ကို စာကြောင်း ပေါက်စလေးတွေ ခွဲမှတ်တော့တယ် ။ အဲ အဲ့တော့ကာ အမှတ်တွေကောင်းလာသလားဆိုတော့ မဟုတ်ဘူး ၊ ဌာနပေါ်မူတည်တယ် မှတ်တာပဲ ( ကိုယ် ထင်တာ ပြောတာနော် ကျုပ်ဟာ ကျုပ်ပဲ အဲ့ ဘာသာတွေကို အားနည်းတာ ပိုဖြစ်ဖို့များပါတယ် ) ။ ဥပမာ သွားညှိကုလို ဘာသာမှာ ၊ အချက်လိုက် အဆင့်အတိုင်း သွားတာအကောင်းဆုံးပဲ ။ ကိုယ် ရေးရတာလည်း လွယ်သလို ၊ နှုတ်ဖြေမှာလည်း ဆရာတွေ သဘောကျတယ် မှတ်တာပဲ ။ ( ကျုပ် ဖြေခဲ့တာ ဆရာက သဘောကျတယ်အေ ) အဲ သွားလောကမှ ကြွားစရာ မရှိလွန်းလို့ ကြွားရရင် သွားညှိကု စာမေးပွဲတစ်ခုပဲ ၇၀ ကျော်ဖူးတယ် ( အဲ ၊ အမှတ် အများဆုံးလည်း ရပြီးရော နှစ်လည်စာမေးပွဲမှာ ဘုန်းခနဲကျရော )။ OM လည်း လိုတဲ့ အချက်ကို တိုတိုရေးတာ စိတ်မဆိုးဘူး မှတ်တာပဲ ။ Premalignant lesion ကို OS ရော OM ရော ပါလို့ တစ်ဖက်ပဲ ကျက်ပြီး နှစ်ဖက်လုံးမှာ ရေးတယ်လို့ မှတ်မိတယ် ။

ဟယ် ၊ စကားတွေက ရှည် ၊ ပြောချင်တာ မရောက်သေးဘူး ။ အဲ့လို စာမေးပွဲနီးမှ ကပ်လုပ်လွန်းတော့ ၊ အမေ ပြောနေကျစကားရှိတယ် ။ “ဟယ် နင့်စာမေးပွဲက ဖင်ခေါင်းထဲ ဝင်လို့ ပါးစပ်ထဲကနေတွေ ပြန်ထွက်တော့မယ် " ဆိုတာ ။ တခါတလေတော့ variation တွေနဲ့ ပြောတယ် “ဟယ် ဟယ် ချောင်းကို အားကြီးနဲ့ မဆိုးနဲ့ ပါးစပ်ထဲက ထွက်သွားမယ်” တို့ “ဟယ် ဟယ် အားရပါးရသန်းနေတာ ၊ နင့် စာမေးပွဲကို လှမ်းတောင် မြင်နေရတယ်” တို့ ။

ပြောချင်တာကတော့ကွယ် ၊ ဒီနေ့ ကျမ်းကို အကြမ်းရေးတာ ၊ ဟိုဟာ ပြန်ရေး ၊ ဒီဟာ ပြန်ရေးနဲ့ တစ်ရက်ထဲနဲ့ ၅ခေါက်လောက် ပြင်ပြီး ပြန်ပို့ပေးတော့ ၊ ဆရာက ရေးချိန် သိပ်မရှိတာတောင် ကောင်းကောင်း လုပ်နိုင်တယ် ဆိုပြီး ချီးကျူးလို့ ။

အမေရေ ၊ အရင်ခေါက်တွေက ကပ်လုပ်နိုင်လွန်းလို့ ဒီတခေါက်တော့ နှာခေါင်းထဲကဝင် ပါးစပ်က ထွက်ခါနီးတောင် အေးဆေးနေဘာဘီလို့ ။

ကျန်တဲ့ သားတို့ သမီးတို့ရေ ၊ စာမကျက်ကြနဲ့ ၊ ရုပ်ရှင်ကြည့်ကြ ။ ဒီနှစ်လည် Attack on Titan season 4 လာမယ် ။